19 de set. de 2012

တကယ်ချစ်ရင်...

တကယ်ချစ်ရင်....
အနိုင်အရှုံးလည်း မတွက်ပါနဲ့...
အမှတ်အတေးလည်း မထားပါနဲ့..။
အတ္တမာနလည်း မထားပါနဲ့..။
ချစ်တယ် ပြောဖို့လည်း..
မရှက်ပါနဲ့။
ကြင်နာယုယဖို့လည်း..
မမေ့ပါနဲ့။
ခွင့်လွတ် သည်းခံဖို့လည်း..
 
ဝန်မလေးပါနဲ့....။


 
 

18 de set. de 2012

ကောင်မလေးသို့..........

ကောင်မလေးရေ့..
တို့တတွေ စတွေ့တုန်းက၊
မျှော်လင့်မထားပဲ ဆုံခဲ့ကြတယ်လေ..။   
 
ပြီးတော့.. ရည်ရွယ်ချက်ရဲ့ လမ်းတစ်ခုကြောင့်..
တစ်ယောက် တစ်နေရာစီ..
ဝေးခဲ့ရသေးတယ်နော်....။   
 
ပြီးတော့.. တို့တတွေ ဆုံခဲ့ကြပြန်တယ်..
ဒီတစ်ခါတော့ ရင်မှာကိုယ်စီ အပြုံးများစွားနဲ့ပေါ့..
တို့နှစ်ယောက် ကမ္ဘာလေးဟာ သာယာခဲ့တယ်နော်..။
ဒါပေမယ့် ဘ၀ရဲ့ရည်မှန်းချက်တစ်ခုကြောင့်..
တို့တတွေ ထပ်ပြီး ဝေးခဲ့ရပြန်ပြီလေ...။
 
တို့တတွေ ခွဲခွာခဲ့တဲ့နေ့တုန်းကပေါ့..
ကောင်မလေး.. မင်းလေးရင်ထဲမှာ...
ဘာတွေ တွေးနေမလဲ...
ကိုယ့်ရဲ့ ရင်ထဲမှာ ဘာတွေတွေးနေသလဲ ဆိုတာ..
ကိုယ်စီရှိနေကြပေမယ့်...
တစ်ချိန်မှာ ပြန်ဆုံကြမယ်ဆိုတဲ့...
ကတိစကားတွေနဲ့အတူ..
ကိုယ်တို့ နှစ်ယောက်...
ပြန်ဆုံကြပြီး...       
ဒီတစ်သက်မခွဲ၊ အမြဲအတူရှိနေကြမယ်နော်.. 
 
                   ကိုမျိုး ( မိုးညှင်း )

5 de set. de 2012

အချစ်ဆိုတာ နားလည်မှူတစ်ခုပါ.....

အချစ်ဆိုတာ တစ်ယောက်ကိုတစ်ယောက် နားလည်မှူပေးခြင်းတဲ့။ တကယ်တော့လည်း ချစ်ကြရာဝယ် နားလည်မှူလေးတွေ မပါရင်တော့ မခိုင်မြဲနိုင်ပါ။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှူတွေပေးပြီး ချစ်နေစဉ်မှာတော့ အချစ်တွေဟာ ခိုင်မြဲနေမှာပါ။
     "No one was born in perfect"တဲ့။ ဟုတ်ပါတယ်။ လူဆိုတာတော့ ဘယ်သူမှ ပြီးပြည့်စုံတယ်လို့တော့
မရှိနိုင်ပါ။ လိုအပ်ချက်ဆိုတာတော့ ရှိနေကြစမြဲပါ။ ဒါ့ကြောင့်တစ်ယောက်ရဲ့ အားနည်းချက်ကို တစ်ယောက်က ဖြည့်ပြီး နားလည်မှူပေး နိုင်အောင်ကြိုးစားစဉ်မှာတော့ အားလုံးသော အချစ်တွေဟာ
အဆင်ပြေနေမှာ မလွဲပါ။ လူတစ်ဦးနဲ့တစ်ဦး အချင်းချင်း နားလည်မှုတွေ ရှိနေရင် အချစ်တွေလည်း ရှိနေကြမှာ ဖြစ်ပြီး နားလည်မှု လွဲလာပြီဆိုရင်တော့ အချစ်တွေလည်း လျော့လာတော့တာ ဖြစ်ပါတယ်။ များများနားလည်မှု လွဲလေ အချစ်တွေ များများလျော့လာလေပဲ ဖြစ်ပါတယ်။ ဒီသဘောတရားကို ကိုယ့်ရဲ့ လက်တွေ့ဘဝတွေမှာ မျက်မှောက်ထင်ထင် တွေ့မြင်နိုင်ကြမှာ ဖြစ်ပါတယ်။ လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေ ပေးနိုင်၊ တစ်ယောက်အားနည်းချက်ကို တစ်ယောက်ကနားလည်ခွင့်လွတ်
ပေးနေကြတဲ့အချိန်မှာ ဘာပြဿနာမှ မရှိကြပေမယ့် နားလည်မှုတွေ မပေးနိုင်ကြတော့တဲ့ အချိန်မှာတော့ အချစ်တွေလည်း လျော့လာကာ အချစ်အစား အပြစ်တွေ ပွားလာကြတော့တာ ဖြစ်ပါတယ်။ လူတစ်ဦးချင်းမှာ တစ်ဦးအပေါ် တစ်ဦး နားလည်မှုနဲ့ တည်ဆောက်ထားတဲ့ အချစ်တွေ မရှိရင် အပြစ်တွေပဲ ကြည့်လာတတ်တာ ဖြစ်ပါတယ်။ အပြစ်ကြည့်လာပြီဆိုရင် နားလည်မှုလည်း မပေးနိုင်တော့ဘဲ အချစ်တွေလည်း ဝေးကွာလာတော့တာ ဖြစ်ပါတယ်။ 
       အဲဒီအချစ်တွေဟာ တစ်ဦးအပေါ်တစ်ဦး နားလည်မှုနဲ့ တည်ဆောက်ထားကြတာ ဖြစ်တဲ့အတွက် နားလည်မှု ရှိနေသမျှ နားလည်မှုတွေ ပေးနေနိုင်သမျှ အချစ်တွေဟာလည်း ခိုင်မြဲနေနိုင်ကြတာ ဖြစ်ပါတယ်။ အချစ်တွေ ခိုင်မြဲနေသေးသမျှ အပြစ်ရှိတာတောင် အပြစ်လို့ မမြင်တော့ဘဲ နားလည်မှုနဲ့ ခွင့်လွှတ်ပေးနိုင်တော့တာ ဖြစ်ပါတယ်။ အထူးသတိထားရမှာက အဲဒီလို နားလည်မှုနဲ့ တည်ဆောက်ထားတဲ့ ချစ်ချင်းတွေဟာ ပယောဂတစ်ခုခုကြောင့် နားလည်မှုတွေ လွဲလာခဲ့ရင် အချစ်တွေလည်း လွဲလာတတ်ပြီး အချစ်လွဲလာရင် အပြစ်တွေလည်း တွဲပါလာတတ်တဲ့ အချက်ပဲ ဖြစ်ပါတယ်။  
     တကယ်တော့ နားလည်မှုပေးတယ်ဆိုတာ သူ့နေရာမှာ ကိုယ်ကခံစားကြည့်ပေးတာပဲ ဖြစ်ပါတယ်။ ကိုယ်လည်းသူ့နေရာမှာဆိုရင် ဒီလိုပဲ ဖြစ်မှာပဲဆိုတဲ့ ကိုယ်ချင်းစာတရားနဲ့ သူ့နေရာလေးမှာ ခံစားပေးတဲ့ သဘောမျိုးပဲ ဖြစ်ပါတယ်။ ပြီးတော့ အဲဒီလို နားလည်မှု ရအောင်ကြိုးစားတဲ့ အခါမှာ တစ်ဦးနဲ့တစ်ဦးကြား အကြောင်း တစ်ခုခုကြောင့် နားလည်မှုလေးတွေ လွဲလာခဲ့ရင်လည်း အဲဒီ နားလည်မှုလွဲတာတွေကို လက်တွေ့မဖြေရှင်းပဲ စိတ်ထဲမှာ ကြိတ်ပြီးတေးမထားဖို့ လိုပါတယ်။ တစ်ယောက်ယောက်ကြောင့် တစ်ခုခုကြောင့် အမြင်လေးတွေစောင်းပြီး နားလည်မှု လွဲလာတာလေးတွေ ရှိရင် ပွင့်ပွင့်လင်းလင်း တိုက်ရိုက်ပြောဆိုကာ အကျိုးသင့်အကြောင်းသင့် ဖြေရှင်းကြရမှာ ဖြစ်ပါတယ်။ တစ်ချို့နားလည်မှု လွဲကြတဲ့ ကိစ္စတွေဟာ အဲဒီနားလည်မှုကို တိုက်ရိုက်မျက်နှာချင်းဆိုင် ပွင်ပွင့်လင်းလင်း မဖြေရှင်းပဲ ကိုယ့်စိတ်ထဲမှာပဲ ကိုယ့်ရှုထောင့်တစ်ခုတည်းနဲ့ ကြိတ်တေး၊ ကြိတ်တွေးကာ ကြိတ်ခံစားနေကြတဲ့ အတွက်ကြောင့် ကြာတော့ အဲဒီကြိတ်လုံးတွေဟာ အဆိုင်အခဲ ဖြစ်လာကာ နားလည်မှုဟာ ပိုပြီးလွဲလာကြတော့တာ ဖြစ်ပါတယ်။ အဲဒီလို နားလည်မှု လွဲလာရာက တစ်ယောက်နဲ့တစ်ယောက် သူမှန်ကိုယ်မှန် မာနပြိုင်ရင်း နောက်တော့ အချစ်အစား အမုန်းတွေပဲ ပွားလာဖြစ်ကြတော့တာ ဖြစ်ပါတယ်။ အရင်းစစ်တော့ အမုန်းအပြစ်ဆိုတာ နားလည်မှုလွဲရာကနေ အချစ်တွေပြယ်ကာ အပြစ်တွေအဖြစ် ပြောင်းလဲသွားခြင်း သဘောပဲ ဖြစ်ပါတယ်။ 
       ဆိုတော့ကား ဘာပဲဖြစ်ဖြစ် ခဏတာဆုံတွေ့ကြတဲ့ အခိုက်အတန့်လေးမှာ အမုန်းတရားတွေနဲ့ ဘဝကို ဖြတ်သန်းကြမယ့်အစား မပြည့်စုံတဲ့ သူအချင်းချင်း အားနည်းချက်ကို နားလည်မှုပေးပြီး အဲဒီနားလည်မှုကို အချစ်တစ်ခုအဖြစ် တည်ဆောက်ကာ အချစ်အားနဲ့ အပြစ်များကို ဖယ်ရှားနိုင်အောင် ကြိုးစားကြည့်ကြရမှာ ဖြစ်ပါတယ်။ နားလည်မှုရှိနေရင် အချစ်ရှိနေမှာဖြစ်ပြီး အချစ်ရှိနေရင် အပြစ်ကြည့်တာတွေလည်း နည်းလာကြမှာ ဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုနဲ့ အချစ်တွေကို တည်ဆောက်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။

 

7 de mar. de 2012

နိယာမ..

                            

ယောက်ျားလေးတွေ တကယ်ချစ်တဲ့ အခါ ……
လူအများမှာ ကြွားဝါလိုကြတယ်………………..ဒါငါ ...့ချစ်သူလို့ ပေါ့ .။
မိန်းကလေးတွေ တကယ်ချစ်တဲ့  အခါ…….
တိတ်တိတ်လေး လက်ကို မြဲမြဲဆုပ်ထားကြတယ်………..ခွဲမသွားနဲ့ လို့ ပေါ့ …။

ယောက်ျားလေးတွေ သတိရတဲ့ အခါ.. ……
မအားလပ်နိုင်တဲ့ ကြားက .ဖုန်းတွေဆက်ကြ၊စာတွေရေးကြတယ်……………..
မိန်းကလေးတွေ သတိရတဲ့  အခါ…………….
အလုပ်တွေကြားထဲက စောင့် မျှော်တက်ကြတယ်…..

ယောက်ျားလေးတွေက အချစ်ကို ရူးရူးမိုက်မိုက် မြတ်မြတ်နိုးနိုး တန်ဖိုးထားတက်ကြတယ်
မိန်းကလေးတွေက သိုသို ၀ှက်ဝှက် အိမ်မက်ဆန်ဆန်စိတ်ကူးယဉ်ကြတယ်…….

ယောက်ျားလေးတွေက ဘာလုပ်ချင်တယ်ဆိုတာ ကို ပြောပြီး
မိန်းကလေးတွေက ဘာဖြစ်သင့် တယ်ဆိုတာ ပြောကြတယ်……..။

ယောက်ျားလေးတွေ အသဲကွဲရင် အရက်က အဖော်ဖြစ်ပြီးတော့ 
မိန်းကလေးတွေ အသဲကွဲရင် မျက်ရည်က သူငယ်ချင်းဖြစ်သွားကြတယ်……….။

ယောက်ျားလေးတွေက အချစ်ကို ရှေ့ တန်းတင်ပြီး သူရဲကောင်းလုပ်ချင်ကြတယ်….
မိန်းကလေးတွေက အချစ်ကို သိုဝှက်ပြီး အိမ်ရှင်မ လုပ်ချင်ကြတယ်………

ယောက်ျားလေးတွေက ချစ်သူ့ကို လက်ထပ်မယ်လို့  တယုတယပြောတဲ့  အချိန်…….
မိန်းကလေးစိတ်ထဲက လေးလေးနက်နက် ပြန်ပြောတာက သစ္စာရှိပါနော်တဲ့ …။
By: Nu Nu Yi

ချစ်သူထားတယ်ဆိုတာ.......

                                                
ချစ်သူထားတိုင်း ပျော်ရွှင်ရမယ် ထင်မှတ်မနေပါနဲ့
ဘဝဆိုတာ ပျော်ရွှ...င်ခြင်း ၊ ဝမ်းနည်းခြင်းတွေပေါင်းစပ်ထားသလို

အချစ်ဆိုတာလည်း ဘဝရဲ့အစိတ်အပိုင်းတခုဖြစ်လို့
ပျော်ရွှင်ခြင်း ၊ ဝမ်းနည်းခြင်းတွေပေါင်းစပ်ထားပါတယ်
သင်ငါးလေးတကောင်စားတဲ့အခါ
အရိုးပါတယ်ဆိုပြီး အရသာရှိတဲ့အသားတွေကိုသင်မစားပဲ
ငါးတကောင်လုံး.သင်လွှင့်ပစ်မယ်မထင်ပါဘူး
အရိုးကိုနွှင်ပြီး အသားကိုတော့သင်စားတတ်ပါတယ်

ချစ်သူဆိုတာလည်းအဲဒီလိုပါပဲ
သင့်ကိုမြတ်နိုးပြီးတကယ်ချစ်တဲ့ချစ်သူတယောက်ဟာ
သင့်အတွက်အရသာရှိတဲ့အသားတွေများပါတယ်
ဒါပေမဲ့တခါတခါစူးတတ်တဲ့ အရိုးကလေးတွေကိုတော့သင်နားလည်ပေးတတ်ရတယ်

ချစ်သူထားတယ်ဆိုတာ
အသားကိုစားပြီးအရိုးကို သင်နွှင်ထုတ်တတ်သလို
တော်ရုံအပြစ်အနာအဆာအသေးအမွှားလေးတွေကို သင်ဖယ်ပြီးကြည့်တတ်ရပါတယ်

လောကမှာအရိုးလုံးဝမပါတဲ့ ငါးဆိုတာမရှိဘူးနော်
တကောင်လုံးစားလို့ရတဲ့ငါးအသေးလေးတွေတောင်
အရိုးနုကလေးတွေတော့ပါတတ်ပါတယ်

သင်သိလား
သာယာချမ်းမြေ့တဲ့ချစ်သူတွေရဲ့လျှိ့ဝှက်ချက်ဆိုတာ
သူမတူအောင် နားလည်မှုကိုတည်ဆောက်ထားနိုင်လို့ပါပဲ ။ ။

20 de fev. de 2012

ပုလဲသွယ်သွားလေးများ ....

                                            
လူတိုင်းနီးပါးပါပဲ။ အစားအသောက်မျိုးစုံကို နေ့တိုင်းစားသောက်နေကြတော့ သွားလေးတွေမှာ အရောင်တွေစွန်းပြီး ၀ါညစ်ညစ်ဖြစ်နေတတ်တယ်နော်။ အဲလို သွားတွေ ညစ်နေရင် တစ်နေ့ ၂ ကြိမ် ပုံမှန်သွားတိုက်ပေးရုံနဲ့ ပျောက်ဖို့ မလွယ်ဘူးလေ။ အဲဒီတော့ ရီလိုက်တိုင်း သွားလေးတွေက ပုလဲဖြူဖြူလေးတွေ စီထားသလို ဖြူတောက်နေအောင် လုပ်ရမယ့်နည်းလေးတွေကို ပြောပြမယ်နော်။
- လက္ဘ်ရည်၊ ကော်ဖီနဲ့ အချိုရည်တွေ သောက်ပြီးရင် ချက်ချင်းပလုတ်ကျင်းပါ။

- ပန်းသီး၊ မုန်လာဥနီ၊ ကြံ၊ စတော်ဘယ်ရီသီးတွေက သွားတွေကို သဘာဝအတိုင်းဖြူစင်တောက်ပစေလို့ များများစားပေးပါ။

- သွားမှာ အရောင်တွေ စွန်းထင်းခြင်းကို ကာကွယ်ပေးနိုင်တဲ့ ပန်းမုန်လာ၊ ဆလပ်ရွက်၊ နှင်းနှနွယ်ရွက်တွေကိုလည်း စားပေးပါ။

- စတော်ဘယ်ရီသီးတွေမှာ သွားတွေကို ဖြူစင်တောက်ပစေတဲ့အစွမ်း ရှိပါတယ်။ စတော်ဘယ်ရီသီးတွေကို ချေလိုက်ပါ။ ပြီးတော့ လက်ချောင်းနဲ့ ယူပြီး သွားတွေကို ပွတ်ပေးပါ။ ၂ မိနစ်လောက်ထားပြီး သွားပွတ်တံနဲ့ (သွားတိုက်ဆေးမပါ) သေချာသွားတိုက်ပေးပါ။

- မုန့်ဖုတ်ဆိုဒါနဲ့ ဆားကြမ်းကို ဆတူရောပြီး သွားတိုက်ပေးရင်လည်း သွားတွေဖြူလာနိုင်ပါတယ်။

ရင်နှင်းသူငယ်ချင်းလေးတွေ သွားဖြူဖြူ အပြုံးလှလှလေးတွေနဲ့ အလှပိုနိုင်ကြပါစေ။
http://www.myanmarskylink.com/    မှ ကူးယူဖော်ပြပါသည်

အိမ်ထောင်မှူပြုသည် ဆိုသည်မှာ.....

                                                    
"အိမ်ထောင်မှု ၊ ဘုရားတည် ၊ ဆေးမှင်ရည် စုပ်ထိုး ဤ(၃)မျိုး ချက်မပိုင်ရင် နောင်ပြင်ရန်ခက်တဲ့ " ပြောခဲ့ကြပါတယ်။ လုပ်ပြီးရင် ပြန်ပြင်ဖို့ခက်တဲ့အရာတွေဖြစ်နေပါတယ်။
အိမ်ထောင်ပြုတော့မယ်ဆိုရင်တော့ ကိုယ်ပိုင်စံညွန်းတွေနဲ့ သတ်မှတ်ပြီး သဘောကျနှစ်သက်တဲ့သူတွေနဲ့ အတူယှဉ်တွဲနှစ်ယောက်တစ်ဘ၀ကို ဖန်တီးတည်ဆောက်ကြပါတယ်။
ဒီလိုတည်ဆောက်ရာမှာ မိမိကိုယ်ပိုင် စံညွန်းများအပြင် နောက်ထပ်သိသင့်တယ်ထင်တဲ့ အချက်တွေလည်း ရှိနေပါတယ်။  အိမ်ထောင်မပြုမီ သိသင့်သော အချက်များမှာ-

(၁) မိမိတို့၏ ပညာအရည်အချင်း ပြည့်စုံပြီလား။
(၂) စိတ်ပါဝင်စားမှုရှိပြီလား။
(၃) တစ်ဦးနှင့် တစ်ဦး အကြောင်းစုံသိပြီးလား။
(၄) သုံး၊လေး နှစ် မစောင့်နိုင်တော့တာ ဘာကြောင့်လဲ။
(၅) အခက်အခဲများကို ရင်ဆိုင်နိုင်ပြီလား ။
(၆) သွေးသားတောင့်တမှု သက်သက်ကြောင့်လား။
(၇) တစ်ဦးနှင့်တစ်ဦး သည်းခံမှု ၊ အနစ်နာခံမှု ရှိကြပြီလား။
(၈) မိဘဆွေမျိုးများကို စုံစမ်းမေးမြန်းပြီးပြီလား။
(၉)အိမ်ထောင်ရဲ့တာဝန်ဝတ္တရားတွေကိုရော ကျေပွန်စွာ နားလည်ပြီလား။
(၁၀)ဘာသာ၊ သာသနာရဲ့ အကျိုးကိုရော တက်နိုင်သလောက် ကူညီနိုင်ပြီလား။
(၁၁) အိမ်ထောင်မကျမီ ငွေရေးကြေးရေး ဘယ်လောက်ကုန်ကျမည်ကို တွက်ချက်ထားပြီလား။
(၁၂) မိမိခြေထောက်ဖြင့် ထနိုင်ပြီးလား... မိမိခြေထောက်ပေါ်ရပ်တည် နိုင်ပြီလား။ ကိုယ်အားကိုယ်ကိုးနိုင်ပြီလား။
(၁၃) သားသမီးရလာပါက ထိုသားသမီးအတွက် တာဝန်ယူနိုင်ပြီလား။
(၁၄) ဘ၀ကြင်ဖော်ကို တစ်သက်လုံးပေါင်းဖော်ရမည်ဖြစ်သောကြောင့် လေးလေးနက်နက်စဉ်းစားရန်လိုအပ်ပါသည်။
     ဤအချက်တွေကိုရေးသားခဲ့ကြသူများမှာ အတွေ့အကြုံရှိပြီးသော သူများဖြစ်သည့်အတွက် အထက်ပါအချက်အလက်များကို အိမ်ထောင်မပြုမီ သေချာစဉ်းစားပြီးမှ ဆုံးဖြတ်သင့်ပါတယ်။  
သို့မှသာလျှင် ပျော်ရွင်ဖွယ်ကောင်းသော ဘ၀တစ်ခုကို နှစ်ယောက်အတူ ဖန်တီးတည်ဆောက်နိုင်ကြမှာပါ...။